၂၀၄၀ ခုနှစ် တွင် မြန်မာတစ်နိုင်ငံလုံး အိမ်ရာလိုအပ်ချက် ယူနစ်ပေါင်း ၄ ဒဿမ ၈ သန်း အထိရှိလာမည်
သန်းကောင်စာရင်းဆိုင်ရာ အချက်အလက်များအပေါ်
အခြေခံကာ တွက်ချက်မှုအရ လာမည့် ၂၀၄၀ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး အိမ်ရာလိုအပ်မှာ
အိမ်ရာယူနစ်ပေါင်း ၄ ဒဿမ ၈ သန်းအထိ ရှိလာမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ အိမ်ရာဖွံ့ဖြိုးရေး
ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးနွေမှူးက ပြောကြားခဲ့သည်။
၂၀၄၀ ခုနှစ်တွင် ရန်ကုန်တိုင်းအတွင်း
အိမ်ရာလိုအပ်ချက် ယူနစ် ၁ ဒဿမ ၀၇ သန်းအထိ ရှိလာမည်ဖြစ်ပြီး မြို့ပြနှင့်
အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက အိမ်ရာလိုအပ်ချက် ၂၀ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးရန်နှင့်
ကျန် ၈၀ ရာခိုင်နှုန်းကို ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများနှင့် ပုဂ္ဂလိက ကဏ္ဍမှ ဖြည့်ဆည်းနိုင်ရန် စီစဉ်ထားကြောင်း
၎င်းက ဆိုသည်။
၁၉၈၃ ခုနှစ် သန်းကောင်စာရင်းဆိုင်ရာ
အချက်အလက်များအရ မြန်မာနိုင်ငံ၏ လူဦးရေမှာ ၃၅ ဒဿမ ၂၉ သန်းရှိခဲ့ပြီး ၂၀၁၄ ခုနှစ် သန်းကောင်စာရင်းဆိုင်ရာ
အချက်အလက်များအရ မြန်မာနိုင်ငံ၏ လူဦးရေမှာ ၅၁ ဒဿမ ၄၈ သန်း ရှိကြောင်း၊ အဆိုပါ အချက်အလက်ပေါ်မူတည်၍
လူဦးရေ တိုးနှုန်းအရ တွက်ချက်ပါက ၂၀၄၀ ပြည့်နှစ်၌ မြန်မာနိုင်ငံ၏ လူဦးရေမှာ ၇၀ ဒဿမ
၅၆ သန်းအထိ ရှိလာမည်ဖြစ်ကြောင်း ဦးနွေမှူးက ပြောကြားသည်။
အိမ်ရာယူနစ်မှာလည်း ၁၉၈၃
ခုနှစ် သန်းကောင်စာရင်းအရ ၆ ဒဿမ ၇၅ သန်း ရှိခဲ့ပြီး ၂၀၁၄ ခုနှစ် သန်းကောင်စာရင်းအရ
မြန်မာနိုင်ငံတဝှမ်း အိမ်ရာယူနစ်ပေါင်း ၁၀ ဒဿမ ၈၈ သန်းရှိခဲ့ကြောင်း၊ အဆိုပါ တိုးတက်မှုနှုန်းအရ
တွက်ချက်ကြည့်ပါက ၂၀၄၀ ခုနှစ်တွင် အိမ်ရာယူနစ်ပေါင်း ၁၅ ဒဿမ ၆၈ သန်း ရှိရမည်ဖြစ်သည့်အတွက်
၂၀၄၀ ပြည့်နှစ်တွင် အိမ်ရာယူနစ် လိုအပ်ချက်မှာ ၄ ဒဿမ ၈ သန်း ရှိလာမည်ဖြစ်ကြောင်း ဦးနွေမှူးက
၎င်း၏ ဆွေးနွေးချက်ထဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး
ဦးစီးဌာန အနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၃၀-၂၀၃၁ ဘဏ္ဍာနှစ် (၁၅)နှစ်တာ အတွင်း အိမ်ရာယူနစ်ပေါင်း
(၉)သိန်းကို ဖြည့်ဆည်းပေးနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။
Comments
Post a Comment