မြေကွက်
For info
တရားမဝင် မြေကွက်ရိုက်ရောင်းတဲ့ လုပ်ငန်းဟာ
ဥပဒေနဲ့ မလွတ်ဘူးဆိုပေမယ့် အမြတ် အရမ်းကျန်ပါတယ်။
ကိုယ်ရောင်းလိုက်တဲ့ မြေကွက်ဟာဈေးသက်သာလွန်းရင်လည်း ဝယ်သူ မယုံကြည်မှာစိုးတာကြောင့် ဝယ်သူယုံကြည်လောက်တဲ့ ဈေးအထိဈေးတင်ပြီး ရောင်းကြရပါတယ်။ အဲ့ဒါကလည်း တရားမဝင်အကွက်ရိုက်ရောင်းတဲ့ ဈေးကွက်အတွက် အမြတ်အစွန်းများစွာကို ရစေပါတယ်။
တစ်ကယ်တော့ တစ်ဧက သိန်း ခုနှစ်ဆယ် ရှစ်ဆယ် တစ်ရာ လောက်နဲ့ ပေးဝယ်ရတဲ့မြေဟာ အိမ်ဝိုင်းကွက်ရိုက်ပြီး ပြန်ရောင်းရင် မြေအနေအထားနဲ့ လမ်းအနေအထားပေါ်မူတည်ပြီး ၁၄ ဝိုင်းကနေ ၁၆ ဝိုင်းအထိရတာဆိုတော့ တွက်လိုက်ရင် အိမ်ဝိုင်းတစ်ဝိုင်းစာအတွက် မြေတန်ဖိုးဟာ ခြောက်သိန်းခွဲ ခုနှစ်သိန်းလောက်ပဲ ရှိတာပါ။
အဲ့ဒါကို တစ်ဝိုင်း ဆယ်သိန်းလောက်နဲ့ ပြန်ရောင်းတယ်ဆိုရင် ဝယ်သူတွေအတွက် ဈေးချိုလွန်းတယ် ဟုတ်မှ ဟုတ်ပမလားဆိုပြီးတော့ သံသယဝင်စရာ ဖြစ်လာပါမယ်။ မယုံကြည်တော့ပါဘူး။ အဲ့ဒိတော့ ဝယ်တဲ့သူတွေ ယုံကြည်အောင် သိန်း နှစ်ဆယ် အစိတ် သုံးဆယ် လေးဆယ် စသဖြင့် ဈေးတင်ရောင်းကြတာပါ။
အဲ့ဒိလိုရောင်းတဲ့အတွက် အမြတ်လည်း အရမ်းရပါတယ်။ အဲ့လိုအမြတ်များတော့ တစ်ချို့ စီးပွားရေးသမားတွေက ကိုယ်တိုင် မလုပ်တော့ပါဘူး။ ဥပဒေနဲ့မလွတ်လို့ ပြဿနာအရှုပ်အရှင်းဖြစ်ရင် ရှောင်ထွက်လို့ ရအောင်လို့ပါ။ အဲ့ဒိတော့ ပွဲစားတွေကို ပါးပါးနပ်နပ် အသုံးချလာကြပါတယ်။
ဘယ်လိုအသုံးချသလဲဆိုရင် အဲ့ဒါမျိုးလုပ်ဖို့ လူလေးငါးယောက်လောက် စုပြီးအဖွဲ့ဖွဲ့ လိုက်ပါတယ်။ ခေါင်းဆောင်မပါပါဘူး။ မြေကို စုဝယ်လိုက်ပါတယ်။ အမည်ပေါက် မပြောင်းပါဘူး။ ပြဿနာဖြစ်ရင် ရှောင်ထွက်လို့ ရအောင်လို့ပါ။ အခြားသုံး လျှောက်ပြပါတယ်။
ခွင့်ပြုမိန့် ကျစရာမလိုပါဘူး။ သက်ဆိုင်ရာလူတွေသိရင် ရပါပြီ။ ဒါမှ မကျေနပ်တဲ့သူတွေကတိုင်ရင် အခြားသုံးလျှောက်ထားတာလို့ ဆင်ခြေပေးလို့ရအောင်လို့ပါ။ ရောင်းတော့လည်း ပြောအားရှိပါတယ်။ ခွင့်ပြုမိန့်သာ မပါတာ။ အခြားသုံးလျှောက်ထားပါတယ် ဆိုပြီးတော့လေ။
အဲ့ဒိလို လုပ်ပြီးပြီဆိုရင် မြေထိုးတဲ့စက်သမားကိုခါ် ခင်ဗျား မြေထိုးပေးမလား တစ်ဧက တစ်သိန်းနှုန်းပေးမယ်။ ပွဲစားလုပ်တဲ့သူတွေကိုလည်း ခင်ဗျားရောင်းပေးမလား တစ်ဝိုင်းရောင်းထွက်ရင် တစ်သိန်းပေးမယ်။
လူရှာပေးတဲ့သူတွေကိုလည်း ခင်ဗျားလူရှာပေးမလား တစ်ဝိုင်းရောင်းထွက်ရင် တစ်သိန်းပေးမယ်။ စသဖြင့် လူရှာပြီးရောင်းပါတယ်။ အဲ့ဒါကြောင့် အဲ့လိုအကွက်ရိုက်ရောင်းတဲ့ နေရာသွားလိုက်တာနဲ့ ဘယ်ကနေထွက်လာမှန်း မသိတဲ့သူတွေ online ကနေ လူရှာပေးတဲ့သူတွေ ပွစိတက်လာတာပါ။
အဲ့လိုလူတွေကလည်း သူတို့နဲ့ရင်းနှီးတဲ့သူတွေ ခင်မင်တဲ့သူတွေကို စပ်ပေးပြီး မြေကွက်တွေဘယ်နားမှာ ရှိတယ် ငါကဘယ်အကွက်ယူထားတာ နင်လည်းယူအုံးမလား တန်တယ်နော်။ နောက်ဆို အဲ့ဈေးနဲ့ရမှာ မဟုတ်ဘူး စတဲ့စကားတွေနဲ့ သူ့လူတွေကို ဝယ်ချင်လာအောင် စည်းရုံးပါတော့တယ်။ တစ်ဝိုင်းရောင်းထွက်ရင် တစ်သိန်းရတာဆိုတော့ မနည်းဘူးလေ။ အဲ့ဒိလို့ စည်းရုံးလို့ ရပြီဆိုတာနဲ့ ပိုင်ရှင်အမည်ခံပြီး ရောင်းပေးမယ့်သူဆီကို ပိုင်ရှင်ဆိုပြီး ခေါ်သွားတော့တာပါပဲ။
ဟိုကလည်း ပိုက်ဆံရတော့ ပိုင်ရှင်ယောင်ဆောင်ပြီး စာချုပ်ချုပ်ပေးလိုက်ရော။ တစ်ချို့ပွဲစားတွေဆို စာချုပ်မှာ ပိုင်ရှင်ကိုယ်စားဆိုပြီး လက်မှတ်ထိုး ရောင်းပေးလိုက် တာတွေလည်းရှိပါသေးတယ်။ လတ်တလော ပိုက်ဆံရလို့ လုပ်ပေးလိုက်တာပါ။ တစ်ချို့က မှတ်ပုံတင်အတု အိမ်ထောင်စုဇဟားအတုတွေနဲ့ လုပ်ပေးတာတွေလည်း ရှိပါသေးတယ်။ နာရီပိုင်းအတွင်း ပိုက်ဆံ သိန်းနဲ့ချီရတာကို။
တစ်ချို့ကြတော့လည်း ပွဲစားတွေကို ခင်ဗျားက ဒီအကွက်တွေ ရောင်းပေး။ ခင်ဗျားကသင့်သလိုဈေးခေါ် သိန်း အစိတ်ဝန်းကျင်နဲ့ဈေးညှိရောင်း ဈေးအရမ်းမတင်နဲ့ ရေရှည်လုပ်လို့ရအောင်လို့။ ကျုပ်တို့အဖွဲ့ကို တစ်ဝိုင်းရောင်းထွက်ရင် ၂၃ သိန်းသွင်းဆိုပြီး အဲ့ဒိလို လုပ်ရောင်းတာတွေလည်းရှိပါတယ်။ ပြဿနာအရှုပ်အရှင်း ဖြစ်လာရင် အကွက်ရိုက်သူက လွတ်အောင်လုပ်တဲ့သဘောမျိုးပါ။ ပြီးမှ ပိုက်ဆံခွဲယူကြတာပါ။ ဝယ်သူတွေက အဲ့ဒါတွေကို မသိကြပါဘူး။
ဝယ်သူအများစုက သူတို့ဝယ်တဲ့ မြေနဲ့ပတ်သက်ပြီး မူရင်းအမည်ပေါက်က ဘယ်သူလဲ။ ရောင်းတဲ့သူက ဘယ်သူလဲ။ ဒီပစ္စည်းက ရောင်းသူလက်ထဲ ဘယ်လိုနည်းနဲ့ ရောက်ရှိ ပိုင်ဆိုင်လာတာလဲ။ သူ့ပိုင်ဆိုင်မှုက တရားဝင်ပိုင်ဆိုင်မှု့လား။ မြေရောင်းတဲ့ တောင်သူနဲ့ အရောင်းအဝယ်သဘောအရ အရပ်စာချုပ်ချုပ်ထားလို့ ပိုင်ဆိုင်မှု ရနေတာလားဆိုတာ နားလည်တာ မဟုတ်ပါဘူး။
အဲ့ဒါကြောင့် ဂျင်းထည့်ရောင်းကြတာပါ။ တတ်သိနားလည်တဲ့သူနဲ့ သွားဝယ်ရင် အရောင်းအဝယ် ပျက်တာများပါတယ်။ မဟုတ်တာ လုပ်ရောင်းတာဆိုတော့ နားလည်တဲ့သူကြ လိမ်ရောင်းလို့မရလို့ပါ။ နားမလည်တဲ့သူတွေကတော့ မျက်ကန်းတစ္ဆေ မကြောက်မို့ ဝယ်ပါတယ်။
တစ်ချို့အကွက်ရိုက်ရောင်းတဲ့သူတွေဆို တောင်သူတွေဆီက ဝယ်တုန်းက စာချုပ်ထဲမှာက ဈေးတစ်မျိုး။ အကွက်ရိုက်ပြီး ပြန်ရောင်းတဲ့စာချုပ်ထဲ မိတ္တူဆွဲထည့်ပေးဖို့ လုပ်ထားတဲ့ စာချုပ်အတုက ဈေးတစ်မျိုး။ အဲ့ဒိလိုဂျင်းထည့်တာတွေလည်း ရှိပါသေးတယ်။ ဒီမြေယာဟာ ဘယ်လောက်ပဲတန်တယ်ဆိုတာ ဝယ်သူအများစုက မသိကြပါဘူး။ အဲ့ဒိတော့ လိမ်ရောင်းလို့ ရပါတယ်။
ပြီးတော့တရားမဝင် အကွက်ရိုက်ပြီး ပြန်ရောင်းတဲ့သူတွေက စာချုပ်ထဲမှာ ဘယ်လိုပဲ တာဝန်ယူပေးတယ်ပြောပြော တစ်ကယ်ပြဿနာ ဖြစ်လာရင် စာချုပ်မှာ အမည်ခံပြီးရောင်းတဲ့သူရယ် သက်သေအနေနဲ့ လက်မှတ်ထိုးတဲ့သူရယ် ဝယ်သူရယ် အမည်ပေါက်ပိုင်ရှင်ရယ်ပဲ ရှင်းရတာပါ။ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းဆိုတာ အရပ်စာချုပ်နဲ့ အရောင်းအဝယ်လုပ်ရင် တရားရုံးမှာ သက်သေခံ မဝင်တော့ မြေကိုအဖွဲ့ဖွဲ့ပြီး ဝယ်တာက သူတို့အတွက် ဂျင်းထည့်ဖို့ ဂွင်ဖြစ်နေပါတယ်။ ပြဿနာဖြစ်လာရင် သူတို့ကိုဆွဲထည့်လို့ မရတော့ဘူးလေ။ သူတို့ကိုဆွဲထည့်ရင်တောင် ငြင်းမယ် ရှောင်မယ် ဝေလည်ချောင်ပတ်လုပ်မယ် ရှေ့နေကို ပိုက်ဆံပေးပြီး ဥပဒေနဲ့အညီ လွတ်အောင်လုပ်မယ်လေ။ ဘယ်လောက်ကောင်းလဲ။ စာချုပ်ထဲမှာ အမည်ပါတဲ့သူတွေ လက်မှတ်ထိုးတဲ့သူတွေ လက်ဗွေနှိပ်တဲ့သူတွေ ရှင်းကြပေါ့။ အဲ့ဒိလို လုပ်ကြတာပါ။
အမြတ်ကြတော့လည်း တွက်ကြည်ဦး။ တစ်ဝိုင်းကို သိန်းအစိတ်နဲ့ ရောင်းရင်တောင်မှ ရောင်းပေးတဲ့သူ တစ်သိန်း လူရှာပေးတဲ့သူ တစ်သိန်း လက်မှတ်ထိုး သက်သေလုပ်ပေးတဲ့သူ တစ်သောင်းစီ သက်ဆိုင်ရာ ဘာညာသာရကာက ၅ သောင်း မြေကွက်အတွက် အရင်းက ခုနှစ်သိန်း စုစုပေါင်း ၁၀ သိန်း နှုတ်လိုက်ရင် မြေကွက်တစ်ကွက်ကို ၁၅ သိန်း အသားတင် အမြတ်ကျန်ပါတယ်။ ပေ ၂၀ လမ်းနဲ့ ၁၆ ဝိုင်း ရိုက်ထားတဲ့ တစ်ဧကဆို တွက်ကြည့်လိုက်ပါ။ သိန်း ၂၅၀ အသာလေး မြတ်သွားတာပါ။ ငါးယောက်လောက်စုပြီး တစ်ယောက် နှစ်ဧက လောက်ပဲ လုပ်ဦး။ အနည်းဆုံး တစ်ယောက် သိန်း ၅၀၀ လောက်မြတ်သွားပါတယ်။ ဒါတောင် တစ်ဝိုင်း သိန်း အစိတ်နဲ့ပဲ တွက်ပြသေးတာပါ။ တစ်ဝိုင်း သိန်း သုံးဆယ် လေးဆယ်ဆို ဘယ်လောက်မြတ်မလဲ စဉ်းစားသာကြည့်လို့ရပါတယ်။ အဲ့ဒါကြောင့် အခုချိန်မှာ တရားမဝင် အိမ်ဝိုင်ကွက်တွေကို ပိုင်ရှင်အမည်ခံရောင်းသူတွေ ပွဲစားတွေနဲ့ ဂျင်းထဲရောင်းကြတာပါ။ တစ်ချို့ဆို နိုင်ငံတော်ကပဲ တရားဝင်ခွင့်ပြုထားလို့ မီးရတော့မှာလိုလို ဓာတ်တိုင်တွေဟန်ပြစိုက် ကြိုးတွေသွယ်ပြီး ဂျင်းထည့်တာတွေလည်းရှိပါတယ်။ မီတာသွားလျှောက်မှ ဓာတ်တိုင်တွေက ဂျင်းထည့်ထားမှန်းသိရတာတွေလည်း ရှိပါတယ်။
တရားမဝင် အကွက်ရိုက်ရောင်းသူတွေက သူတို့ အဲ့ဒိလို ဂျင်းထည့်ထားတာတွေ ပေါ်မှာစိုးလို့ သူတို့ဆီကရောင်းတဲ့မြေကွက်တွေကိုဝယ်ရင် တရားရုံးမှာ မှတ်ပုံတင်စာချုပ်ချုပ်ရင် မချုပ်စေချင်ပါဘူး။ တရားရုံးမှာ စာချုပ်ချုပ် မှတ်ပုံတင်ရင် ကိုယ့်ဟာကိုယ် ကုန်ကျစားရိတ်ခံရမယ် ရပ်ကွက်ရုံးမှာ စာချုပ်ချုပ်လဲ တရားဝင်တာပဲ စသဖြင့် မဟုတ်မမှန်တဲ့စကားတွေနဲ့ ဝယ်သူက အပိုအလုပ်တွေလုပ်သလို ဂျင်းထည့်တာပါ။ တစ်ချို့ဝယ်သူတွေကြတော့လည်း ဘာမှနားမလည်ကြပါဘူး။ သူတို့လုပ်ပေးတာတွေကို အမှန်ထင်နေကြတဲ့ သူတွေလည်း ရှိပါတယ်။ အမှန်တစ်ကယ်ဥပဒေအရ တစ်သိန်းနှင့်အထက် တန်ဖိုးရှိတဲ့ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းမှန်သမျှ ဝယ်ရင် စာချုပ်ချုပ်ပြီး တရားရုံမှာ မှတ်ပုံတင်မှ တရားဝင်တာပါ။ အဲ့ဒါမှ နောင်တစ်ချိန် ပြဿနာဖြစ်လာရင်လည်း စာချုပ်ကိုမှတ်ပုံတင်ထားတာဆိုတော့ ရှင်းလို့လွယ်တာပါ။ တရားမဝင်အိမ်ဝိုင်းကွက် ရိုက်ရောင်းတဲ့လူတွေက သူတို့ရောင်းတဲ့ မြေကွက်တွေကို တရားဝင်မှတ်ပုံတင်စာချုပ်ချုပ်ဝယ်ရင် သူတို့ လိမ်ထားတာတွေ ဂျင်းထည့်ထားတာတွေ ပေါ်မှာကြောက်လို့ အဲ့လိုအလုပ်မခံကြပါဘူး။ မသိနားမလည်တဲ့သူတွေကို မိတ္တူကူးထားတဲ့ စာရွက်တွေသာပါတဲ့ အရပ်စာချုပ်တွေနဲ့ ဂျင်းထည့် လိမ်ရောင်းကြတာပါ။ ပွဲစားတွေ ပိုင်ရှင်အမည်ခံရောင်းပေးတဲ့သူတွေက ဘာမှမဟုတ်တဲ့ ငွေလေးနဲ့ ပြဿနာဖြစ်လာရင် ခေါင်းခံဖြေရှင်းရမှာ သူတို့ကိုယ်သူတို့ မသိကြပါဘူး။ တရားမဝင်အိမ်ခြံမြေကဏ္ဍမှာ နားမလည်တဲ့သူတွေကို အဲ့ဒိလိုအသုံးချ ဖားရိုက်နေကြလို့ မသိသေးတဲ့သူတွေ မခံရအောင်လို့ တင်ပေးလိုက်တာပါ။
မူရင်းရေးသာသူအား ခရက်တစ်ပေးပါတယ်
Credit
photo by internet
Comments
Post a Comment