ကယ်တင်ရှင်အဖြစ် မာန်တက်လာကြမယ့် သူတွေ

နိုင်ငံခြားကုမ္ပဏီတွေ ထွက်ခွာနေကြတာ၊ရင်းနှီးမြှုပ်နှံမှုအသစ်တွေ ဝင်မလာတော့တာ မြင်ရတော့ လူငယ်တွေအတွက် တခု စိုးရိမ်မိသွားတယ်။

ဒါကတော့ ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်တွေ၊ခရိုနီကြီးတွေက ငါတို့သည် ကယ်တင်ရှင် သူရဲကောင်းများသာ ဖြစ်သည် လို့ မာန်တက်သွားကြမှာကိုပဲ။

တစ်နှစ်ကို ပျမ်းမျ မြန်မာမှာ ဘွဲ့ရလူငယ် တစ်သိန်း‌ခွဲကျော် ထွက်ပါတယ်။
စစ်တမ်းတွေအရ နှစ်စဉ်အလုပ်အကိုင်အခွင့်အလမ်းက တစ်သိန်းဝန်းကျင် ရှိတယ်။ဒါက ဒီမိုကရေစီအစိုးရလက်ထက်မှာ ရရှိနေတဲ့ အချက်အလတ်ပါ။

ဆိုတော့ ဆယ်တန်းအောင်သူပါ ထပ်ပေါင်းရင် ပျမ်းမျှ တစ်နှစ်ကို အလုပ်အကိုင်အခွင့်အလမ်း နှစ်သိန်းလောက် လိုအပ်မယ် လို့ ယူဆရတယ်။ သို့သော် ဖွံဖြိုးတိုးတက်လာပါတယ် ဆိုတဲ့ NLD အစိုးရခောတ်မှာတောင် အလုပ်အကိုင် လိုအပ်ချက်က တစ်နှစ်ကို တစ်သိန်းကျော် လိုတယ်။
ဆိုတော့ အလုပ်လက်မဲ့ပြသာနာက မဖြေရှင်းနိုင်သေးဘူး။

၂၀၁၃ ခုနှစ် နောက်ပိုင်း နိုင်ငံခြားကုမ္ပဏီတွေ ဝင်လာတော့ လစာနှုန်းထားကောင်းလာတယ်။ တော်ရင် ထူးချွန်ရင် လစာကောင်းသလို အခြေခံဝန်ထမ်းချင်းတူတောင် နိုင်ငံခြားကုမ္ပဏီတွေမှာ လုပ်ရင် လစာကောင်းပြီး ရရှိတဲ့ အခွင့်အရေးကောင်းပါတယ်။

အဲမတိုင်မှီကာလတွေတုန်းက ပြည်တွင်းကုမ္ပဏီအများစုဟာ အလုပ်လျောက်ထသူ များတာကြောင့် မတော်တရော် လစာနှုန်းထားတွေသာ ပေးတာပါ။ တချို့ကုမ္ပဏီတွေဆို အလုပ်သင်ဝန်ထမ်း ဆိုပြီး အနည်းဆုံး သုံးလကနေ ခြောက်လအထိ လစာမပေးပဲ အလကားခိုင်းတာမျိုး တွေ့ဖူးတယ်။

ကိုယ်တိုင်လည်း ခြောက်လလောက် 
လစာမရပဲ အလုပ်လုပ်ဖူးတယ်။ 
တပဲတပြားလစာလေးနဲ့ အလုပ်လေးရဖို့ လုပ်ငန်းရှင်ဆိုသူတွေဆီ ခယတောင်းဆိုခဲ့ကြရတဲ့ ဘဝတွေမို့ လုပ်ငန်းရှင် တချို့က သူတို့ကို သူတို့ ကယ်တင်ရှင်လို့ ယူဆနေကြတာပဲ။

၂၀၁၂-၁၃ကာလတွေမှာ စီးပွားရေးဟောပြောပွဲတွေမှာ လုပ်ငန်းရှင်တချို့ ထုတ်ပြောဖူးတာ ကြားဖူးတယ်။

ငါမရှိရင် မင်းတို့ ဘာဖြစ်သွားမလဲ ဆိုတဲ့ စိက်မျိုး မွေးကြတာ မြန်မာနိုင်ငံမှာ ရှိတဲ့ အဖွဲ့အစည်းတိုင်းလိုလိုပါပဲ။

အခုလည်း ကြည့်လေ တိုင်းပြည်ကယ်တင်ရှင်ဆိုပြီး အာဏာကောက်သိမ်းတာ တိုင်းပြည်ချက်ချင်းမွဲပြာကျသွားတယ်။ 

အခုထိ ငါတို့က ကာကွယ်ပေးနေတာ၊ကယ်တင်နေတာလို့ ထင်နေကြတုန်း။
အလားတူပဲ ဘာသာရေးမှာလည်း ငါတို့ကသာ သာသနာကို စောင့်ထိန်းကာကွယ်ပေးနေတာ၊ငါတို့ မရှိရင် သာသနာကွယ်မယ် လို့ ယူဆနေကြတဲ့ အဖွဲ့အစည်းကြီးက ဟီထနေတာ။

ဆိုတော့ ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်တွေ ခရိုနီတွေမှာလည်း ဒီအတွေးရှိကြတယ်။ တချို့က မပြောတာပဲ ရှိတာ။
ဘာလို့လဲ သူတို့က စီးပွားရေးလည်ပတ်နေကြတော့ အလုပ်လိုအပ်ချက်အရ ဝန်ထမ်းခန့်ရတာကို။

အမှန်ပြောရရင် အလုပ်ရှင် အလုပ်သမားဆိုတာ win-win သီအိုရီပဲ။ အလုပ်ရှင်တွေက လုပ်ငန်းလည်ပတ်ဖို့ အလုပ်သမားလိုတယ်။
အလုပ်သမားကလည်း အလုပ်အကိုင်ရရှိဖို့ အလုပ်အခွင့်အလမ်းလိုတယ်။
ဒီတော့ အလုပ်အကိုင်ဖန်တီးမှုသည် အလုပ်ရှင်ကော အလုပ်သမားပါ အကျိုးရှိစေတာပဲ။

မြန်မာမှာက ပြသာနာက ဘာလဲ ဆို‌ရင် လုပ်ငန်းရှင်တွေက သူတို့အကျိုးစီးပွားတွက် လုပ်ငန်းတည်ဆောက်တာ မှန်ပေမယ့် အလုပ်သမားတွေကို ဆက်ဆံရာမှာတော့ မင်းတို့အတွက် အလုပ်တွေ ဖန်တီးပေးထားတာလို့ ဆိုတာပဲ။

နောက်ဆီုးတာက ဆင်းရဲချမ်းသာမှု မညီမျမှုကြောင့် နှစ်စဉ် အလုပ်အကိုင်အခွင့် အလမ်းလိုအပ်ချက် မြင့်ပြီး အလုပ်လက်မဲ့ များတယ်။
၂၀၁၃ မတိုင်မှီကာလတွေမှာ အလုပ်အကိုင်ရှားပါးမှုကို မှီပြီး လုပ်ငန်းရှင်တွေ လစာနှုန်းထားနဲ့ အလုပ်အကိုင်တွေပေါ် ချဲလှယ်ကြတယ်။ အလုပ်သမားအခွင့်အရေးဆိုတာ မရှိသလောက်ပါပဲ။

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်ကစပြီး Covid-19 ကို မှီပြီး လစာနှုန်းထားကိစ္စတွေအပေါ် လျော့ချတာ၊အလွန်အကျွံဖဲ့တာမျိုးတွေ လုပ်လာကြတယ်။အများစုက စီးပွားရေးမကောင်းတာ အကြောင်းပြပြီးပါ။

နိုင်ငံခြားကုမ္ပဏီတွေ ပြည်တွင်းကို ဝင်လာတော့ အလုပ်အကိုင်အချို့စတင်ခေါ်ယူလာကြတယ်။ အမှန် သူတို့ခေါ်တဲ့ လစာနှုန်းထားတွေက တခြားနိုင်ငံမှာ ခေါ်တဲ့ လစာနှုန်းထားထက် အ‌များကြီးလျော့နည်းပါတယ်။
သို့သော် မြန်မာမှာတော့ အတော်ကိုများတဲ့ ပမာဏဖြစ်လာတယ်။ ဆိုတော့ တော်တဲ့ ဝန်ထမ်းအများစု ပြည်ပကုမ္ပဏီတွေကို ရွှေ့ပြောင်းသွားကြတယ်။
၂၀၁၂-၁၃ တုန်းက အခြေခံ ဝန်ထမ်းလစာသည် ကျပ်(၅၀၀၀၀)လောက်ကနေ (၁)သိန်းဝန်းကျင်လောက်ပါ။ 
နိုင်ငံခြားကုမ္ပဏီတွေကတော့ ပျမ်းမျ ကျပ်(၁၅၀၀၀၀)လောက်ကနေ စခေါ်ပါတယ်။
ဒီတော့ အလုံးအရင်းလိုက် နိုင်ငံတကာ ကုမ္ပဏီတွေကို ပြေးကြတာပေါ့။
ဒီလောက်လစာလေးပေးပြီး ခေါ်တာတောင် လျှောက်ထားသူ များလွန်းလို့ ပြည်ပကုမ္ပဏီတွေ အံဩကြဖူးတယ်။

အထင်ရှားဆုံးကတော့ တယ်လီကွန်းတွေ ဝင်‌လာတော့ အော်ရီဒူး အလုပ်ခေါ်စာပေါ့လေ။ ပြည်တွင်းလုပ်ငန်းရှင်တွေက အခြေခံလစာ(၈၀၀၀၀)လောက်သာ ပေးနေချိန်မှာ သူက အနည်းဆုံး ကျပ်(၁၅၀၀၀၀)လောက်ကနေ ခေါ်တယ် ထင်ပါတယ်။အဆင့်ဆင့် လစာနှုန်းထားတွေ ကောင်းတော့ လျှောက်ထားသူ များကြတယ်။

မြန်မာ့စိတ်ဓါက် စိက်ရင်းက ဘာလဲဆိုရင် တချို့ ခရိုနီလုပ်ငန်းရှင်တွေက နိုင်ငံတကာကုမ္ပဏီတွေကို ပြောတာက ဒီနိုင်ငံသားတွေကို လစာတွေ ဒီလောက် ပေးစရာမလိုဘူး လို့ ဆိုကြတာပဲ။

ဒီလိုပဲ အော်ရီဒူးမှာလည်း မြန်မာနိုင်ငံသား အကြီးအကဲတစ်ယောက်ကို ခေါ်ခန့်ပါတယ်။ သူ့ကျတော့ အမြင့်ဆုံးလစာကို ယူခဲ့ပြီး တခြားအောက်ခြေဝန်ထမ်းတွေ ခေါ်ယူတဲ့ လစာကို လျော့ချပစ်တာပါပဲ။
ဒီတော့ ပထမအကြိမ် အော်ရီဒူးက အလုပ်ခေါ်သူအများစုဟာ လစာနှုန်းကောင်း‌တွေကို ရကြပေမယ့် ဒုတိယအကြိမ်ခေါ်တဲ့ အချိန်မှာတော့ လစာနှုန်းထားလျော့ချလိုက်တဲ့အတွက် အဆင်မပြေဖြစ်သွားပါတယ်။ ဒီသတင်းက ဝန်ထမ်းလောကမှာ ကျောဇောခဲ့တဲ့ သတင်းတပုဒ်ပါ။

ကိုယ့်မြန်မာအချင်းချင်း လစာနှုန်းထားကောင်းအောင် ဖန်တီးပေးရမယ့်အစား လစာတွေ လျော့ချပစ်တဲ့ မြန်မာလူမျိုးအကြီးအကဲသည် ဤသို့သော စိတ်ဓါတ်ပိုင်ရှင်ပါ။ဒါတောင် သူလည်း ဝန်ထမ်းပဲ ရှိပါတယ်။

ပြည်တွင်း ကုမ္ပဏီ၊ခရိုနီတွေဆို သာ၍ ဆီုးသည်ပေါ့။
နောက်ပိုင်း နိုင်ငံတကာကုမ္ပဏီတွေကအများအပြားဝင်လာကြတော့ အလုပ်တွေခေါ်မှု မြင့်တက်လာတယ်။ဒီတော့ လုပ်ခလစာနှုန်းထားတွေ မြင့်တက်လာတယ်။

ပြည်တွင်းလုပ်ငန်းရှင်တချို့က ဝန်ထမ်းတွေကို ဒီလောက်လစာတွေ ပေးရင် သူတို့ ဘာကျန်တော့မလဲ လို့ ညည်းသွားမျိုး လုပ်ကြဖူးသေးတာပေါ့။ သို့သော်လည်း တော်တဲ့ ဝန်ထမ်းတွေ နိုင်ငံခြားကုမ္ပဏီတွေကို ရွှေ့ကြတော့ ကိုယ့်လုပ်ငန်းအတွက် လစာ မြင့်ပေးလာရတယ်။

သို့တိုင် အောက်ခြေဝန်ထမ်း လစာတွေကတော့ အပြောင်းအလဲ နည်းပါသေးတယ်။

လုပ်ငန်းရှင်တွေဆီကလည်း အလုပ်အကိုင်ရရှိဖို့ ငါတို့က ဖန်တီးပေးရတာ ဆိုတဲ့ စကားလုံးတွေ ကြားရ နည်းလာပါတယ်။
ဝန်ထမ်းတွေကို မင်းမရှိလည်း မင်းနေရာ ဝင်မယ့်သူတွေ အများကြီးလို့ မပြောရဲကြတော့ဘူး။
အရင်ကလို အလုပ်တနေရာပေးထားရင်ပဲ ကယ်တင်ရှင်လိုလို မာန်မတက်ကြတော့ဖူးပေါ့ဗျာ။

ပြီးခဲ့တဲ့ ငါးနှစ်တာ ကာလအတွင်း လစာနှုန်းထား မြင့်တက်မှုတွေဟာ Double ဖြစ်ခဲ့တယ်။ နှစ်စဉ် ဝန်ထမ်းလစာနှုန်းထားတွေ စစ်တမ်းထုတ်ပြန်ချက်တွေ ကြည့်ရင် သိနိုင်တယ်။

နိုင်ငံတကာ လုပ်ငန်းအားကောင်းလာမှုနဲ့အတူ လူလတ်တန်းစားတွေ များလာတယ်။
ကိုယ်ပညာရပ်နဲ့ ဘယ်လုပ်ငန်းရှင်ကိုမဆို ဦးညွက်စရာမလိုတဲ့ လူတန်းစားများလာတယ်။

လုပ်ငန်းရှင်တွေကသာ ကိုယ်လုပ်ငန်းဆီ လာလုပ်ဖို့ ခယရတဲ့ ဝန်ထမ်းတိုးလာတယ်။
အလုပ်သမားအခွင့်အရေးတွေ အတော်တိုးတက်ရလာတယ်။

အရင်က မကြားဖူးတဲ့ ဝန်ထမ်းလုပ်ရင်း ချမ်းသာနိုင်တယ်၊ကိုယ်ပိုင်လုပ်ငန်း ပြောင်းနိုင်တဲ့ လူငယ်တွေ များလာတယ်။
နောက်ဆုံး Freelance အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးလာတယ်။

နိုင်ငံခြားကုမ္ပဏီတွေ ဝင်လာခြင်းသည် အလုပ်အကိုင်အခွင့်အလမ်းသာမက လစာနှုန်းထား၊အလုပ်သမားအခွင့်အရေး၊ ပညာရပ်ကို လေးစားတန်ဖိုးထားမှုတွေပါ ပါလာတာ သတိပြုမိစေချင်တာ။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံခြားလုပ်ငန်းတွေ အစီအရီပိက်သိမ်းလာကြတယ်။ နောက်ထပ် အသစ်တွေ မလာတော့ဖူး။ အလုပ်လက်မဲ့များလာတယ်။

Covid-19 ရိုက်ချက်လည်း ပါတာပေါ့လေ။
ဒီပြသာနာက ဘာဖြစ်လာလဲ ဆိုရင် အလုပ်အကိုင်အခွင့်အလမ်းပေးနိုင်တဲ့ ခရိုနီတွေ ခေါင်းပြန်ထောင်လာတယ်။
လူတွေကလည်း အကူအညီတောင်းသူတွေလည်း များလာဟန်တူပါတယ်။

ဆိုတော့ တချို့လုပ်ငန်း‌ရှင်တွေဟာ မိမိကိုယ်ကို ကယ်တင်ရှင်လို အယူအဆမျိုး ပြောလာကြတာတွေ့ရတယ်။

ဒီလို ပြောကြတာ မြင်ရတော့ ၂၀၁၀-၂၀၁၃ ဝန်းကျင်ကာလတွေ ပြန်မြင်ယောင်မိသွားတယ်။ 
မင်းတို့စားဝတ်နေရေးအတွက် ငါတို့က အလုပ်ပေးထားတာ၊ကျေးဇူရှင်တွေ လိုမျိုး အယူအဆတွေ မြင်ရ စိက်ပျက်မိတာပဲ။

အလုပ်သမားအခွင့်အရေးဆိုတာ ဝေးလာဝေး။ ပေးတာယူ ကျွေးတာစား မလုပ်ချင် ထွက်ဆိုတဲ့ ပုံစံမျိုးတွေ မြင်ရတော့တာပဲ။

လောလောဆယ်တော့ မင်းတို့ လိုအပ်ချက်ကို ငါတို့က ဖြည့်ပေးနေရတာ ဆိုတာမျိုး ဟန်တွေ တွေ့နေရတယ်။
ဒီနှစ်တော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအသစ်တွေ မလာတော့ အလုပ်အကိုင်အခွင့်အလမ်းပေါင်း(၁)သိန်းလောက် ပျောက်သွားပြီ။
မနှစ်က Covid-19 အခြေအနေ၊ စစ်အာဏာသိမ်းမှု အခြေအနေတွေကြောင့် အလုပ်လက်မဲ့တွေ အများကြီး တိုးလာတယ်။
ဆိုတော့ ၂၀၂၁ နဲ့ ၂၀၂၂အတွင်း အလုပ်လက်မဲ့ ပြသာနာသည် နှစ်ဆ ဖြစ်လာမယ်။အနည်းဆုံး လူ(၂)သိန်းလောက်ဟာ အလုပ်မရနိုင်ပါဖူး။
ဒီနှစ်တော့ အစာရေစာပြတ်တောက်မှုဒါဏ်ကို လူ(၂၅)သန်းလောက် ခံစားရမယ်။

သူဌေးတွေ ခယရတဲ့ ဘဝ ပြန်ရောက်လာပြီ ထင်ပါတယ်။ ချမ်းသာသူအများစုဟာ စစ်တပ်နဲ့ မလွက်မကင်းတွေမို့ အလိုလိုနေရင်း မအလခွေးအုပ်စုကို ကြည်ညိုလာကြမယ့် သူတွေ မနည်းလောက်။
အတော်ကို စုက်ပြတ်သွားတာပဲ။

ကိုယ်လည်း အလုပ်လက်မဲ့ ဝင်ငွေမရှိတာ ခြောက်လပြည့်ပြီမို့ အမှတ်တရအနေနဲ့ ရေးလိုက်တာ။

မောင်ချင်း
တွေးမိတွေးရာ
၉.၇.၂၀၂၁

Comments

Popular posts from this blog

မြန်မာနဲ့ ကမ္ဘာ့ Prostitution ဈေးကွက်

^^ ကမ္ဘာအချမ်းသာဆုံး ကိုကင်းဘုရင် Pablo Escobar (သို့) El Zar de la Cocaína ^^

COCA-COLA နှင့် MPT တို့၏ အစီအစဉ်ရဲ့ အထူးဆု ကျပ်(၁၀)သိန်းတန်ဖိုးရှိ ဖုန်းငွေဖြည့် ဆုမဲကို ကံထူးရှင်များ ဆွတ်ခူး