ရန်ကုန် ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို မေလ ၉ ရက်နေ့တွင် ကျင်းပမည်
ရန်ကုန်မြို့တော်ကြီးကို
အာရှတိုက်၏ ရင်းနှီးမြှုပ်နှံမှု ဗဟိုအချက်အချာနေရာ တစ်ခုဖြစ်လာစေရန် Yangon
Investment Forum 2018 (YIF 2018) ကို ရန်ကုန်မြို့ Novotel Yangon Max Hotel ၌ မေလ
၉ ရက်၊ ၂၀၁၈ ခုနှစ်တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ
(YRIC) နှင့် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) တို့မှ
ကြီးမှူးကျင်းပမည် ဖြစ်သည့် အဆိုပါ ဖိုရမ်ကို ပြည်တွင်းနှင့် ပြည်ပရင်းနှီးမြှုပ်နှံသူ
ဦးရေ ၅၀၀ ကျော် တက်ရောက်ရန် မျှော်မှန်းထားသည်။
“ရန်ကုန်မြို့ ဟာ စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေ
လုပ်ဖို့အတွက် အသင့်တော်ဆုံးနေရာ တစ်ခုဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်
ဦးဖြိုးမင်းသိန်းမှ ပြောကြားခဲ့သည်။
Yangon Investment
Forum 2018 တွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းမှ ရန်ကုန်တိုင်းဒေသကြီး
ရင်းနှီးမြှုပ်နှံမှုစီမံကိန်းကို ရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များအား
ရှင်းလင်းတင်ပြမည်ဖြစ်ကာ ဦးဖြိုးမင်းသိန်းသည်
ဥပဒေပြုသူများ၊ မူဝါဒချမှတ်သူများနှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေအသစ်၊
မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အခြေခံမူဘောင်၊ အခွန်ဆိုင်ရာ အချက်အလက်များ၊ လက်ရှိစီးပွားရေးနှင့်
ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းကောင်းများကို ကျွမ်းကျင်ပညာရှင်များ ပါဝင်သောအဖွဲ့ဖြင့်
ဦးဆောင်ရှင်းလင်းဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဖိုရမ်တွင် လက်ရှိဆောင်ရွက်လျက်ရှိသော
ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအနက် စက်မှုဇုန်လုပ်ငန်း၊ လျှပ်စစ်နှင့်စွမ်းအင်၊ ပို့ဆောင်ရေးကဏ္ဍ၊
ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ အထည်အလိပ် စသည့် လုပ်ငန်းနယ်ပယ်တို့မှ ရင်းနှီးမြှုပ်နှံသူများသည်
၎င်းတို့၏ အတွေ့အကြုံများ၊ အမြင်များကို ပြန်လည် ဝေမျှ ပေးသွားမည်ဖြစ်သည် ဟု သတင်းထုက်ပြန်ထားသည်။
Yangon Investment Forum
2018 ကို Myanmar Investors Development Association (MIDA) ၊ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်
(UMFCCI)၊German Cooperation (GIZ)၊ PwC Myanmar နှင့် Novotel Yangon Max Hotel တို့မှ
ကူညီပံ့ပိုးပေးထားသည်။
ဖိုရမ်သို့ တက်ရောက်ရန်အတွက်
စာရင်းပေးသွင်းလိုသူများနှင့် အသေးစိတ် အချက်အလက်များ သိလိုသူများသည် www.yangoninvestmentforum.com
သို့ ဝင်ရောက်ကြည့်ရှုလေ့လာကာစာရင်းပေးသွင်းနိုင်ပါသည်။
Comments
Post a Comment