နိုင်ငံတကာ သူဌေးကြီးတွေရဲ့ လုပ်ကိုင်ပုံဟန်များ
ELON MUSK ဟာ ကမ္ဘာအချမ်းသားဆုံး ဖြစ်တဲ့ Jeff Bezos ကို မှီဖို့ အမေရိကန်ဒေါ်လာ(၃)ဘီလီယံသာ လိုတော့တယ် လို့ ဖတ်လိုက်ရတယ်။
လက်ရှိ Tesla ကားတွေ ထုတ်ရောင်းနေတဲ့ အခြေအနေအရ ကျော်တက်မယ့် ပုံပါ။
Bill gates ကိုတော့ ကျော်တက်ပြီး ကမ္ဘာမှာ ဒုတိယမြောက်အချမ်းသာဆုံး ဖြစ်နေပြီ။
ပြောရရင် ထိပ်သီး သုံးဦးလုံးဟာ နည်းပညာ အခြေပြုဆိုပေမယ့် လုပ်ငန်းတွေ ကွဲပါတယ်။
Jeffက amazon ကို ထောင်ပြီး ဖြန့်ချီရေးပိုင်းနဲ့ အောင်မြင်လာတာ။E-commerce သမားလို့ ပြောလို့ရတယ်။ ကိုဗစ်ကြောင့် ပိုချမ်းသာလာသလို ကွာရှင်းထားတဲ့ သူအမျိုးသမီးကို ဘီလီယံ(၃၀)လောက် ပေးရသည့်တိုင် အချမ်းသာဆုံး ဖြစ်နေဆဲပဲ။
Elon ကတော့ လျပ်စစ်ကား ထုတ်လုပ်ရေးနဲ့ ဂြိုလ်တုလွင့်တင်ရေးအပိုင်းကနေ ပိုချမ်းသာလာတာ။ သူရဲ့ လျပ်စစ်ကားတွေကြောင့် ကုမ္ပဏီ ရှယ်ယာဈေးတွေ မြင့်တက်လာနေပြီး တကယ်လည်း အရောင်းသွက်ပါတယ်။ တကယ်တမ်း သူလျပ်စစ်ကား စထုတ်တော့ ဒုက္ခတွေ အများကြီးပဲ။
အင်ဂျင်ပါဝါကြီးတဲ့ ကားကြီးတွေ ကြိုက်တဲ့ အမေရိကမှာ ခရီးမိုင်နည်းနည်းသွားဖို့ အားအကြာကြီးသွင်းရတဲ့ သူ့လျပ်စစ်ကားတွေ နာမည်ရဖို့ မလွယ်ပေမယ့် အခုတော့ ဉရောပနဲ့ အာရှဈေးကွက်မှာ နာမည်ရနေပြီ။
အခုချိန်မှာတော့ ပိုကောင်း၊နည်းပညာတွေ ပိုမြင့်လာနေပါပြီ။
နောက် Bill gatesကတော့ Microsoftတည်ထောင်ပြီး ချမ်းသာသူ။ကမ္ဘာမှာ ရှိတဲ့ ကွန်ပြူတာ အားလုံးနီးပါးမှာ သူမရှိမဖြစ်ဆိုသလို နေရာယူခဲ့ပြီး အိုင်တီ နည်းပညာအခြေခံတဲ့ လုပ်ငန်း။ အခတ်အခဲတွေ ရှိပေမယ့် နည်းပညာခောတ်ဦးကနေ လက်ရှိအထိ ဘုရင်အဖြစ် ရပ်တည်နိုင်နေတုန်းပဲ။
ဆိုတော့ နည်းပညာကဏ္ဍ လို့ ဆိုရမလား။
ဒီကဏ္ဍကနေ ချမ်းသာနေတဲ့ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး(၃)ဦးဟာ မတူညီတဲ့ နေရာ၊အလုပ်တွေကနေ ချမ်းသာလာကြတာ။ အဆင့်(၅)နေရာမှာ ရှိတဲ့ Facebook ထူထောင်သူ Mark Zuckerberg ဟာလည်း နည်းပညာသမားပဲ။သို့သော် သူဟာ Social platform နဲ့ ချမ်းသာတာ။
ဒီမှာ ဘာကို သတိပြုမိလဲဆိုရင် သူတို့တွေဟာ နည်းပညာကို ဗဟိုပြုထားပေမယ့် လုပ်ငန်းတွေ လုပ်ကိုင်ပုံတွေ မတူဘူး ဆိုတာပဲ။
ပြောရရင် တက်ကျွမ်းတဲ့ ပညာ၊လုပ်ကိုင်မယ့် ကဏ္ဍ တူချင် တူမယ်။ လုပ်ပုံချင်း မတူဘူး ဆိုတာပါ။အမေရိကန်ကတော့ ကွဲပြားမူက အလုပ်ပိုဖြစ်တယ်။
မြန်မာပြည်မှာ လုပ်ငန်းစတင်ပုံတွေကတော့ ဒီပုံစံတွေနဲ့ ကွဲပြားနေပါတယ်။ ဘာကြောင့် လုပ်ငန်းကဏ္ဍ လုပ်ကြပြီဟေး ဆိုရင် ပုံစံတူတွေ အများကြီး ထွက်ပေါ်လာတာပဲ။
ကိုဗစ်ကာလဖြစ်တော့ သတိပြုမိတာ ရှိတယ်။ Online shopping တွေ ခောတ်ထလာတော့ လူတိုင်းနီးပါး ဈေးရောင်းကြတယ်။ သို့သော် ရောင်းကြတာ တခုတည်း။
အထည်ရောင်းကြတာပါ။
အွန်လိုင်းရှော့ပင်း ခောတ်ဦးကာလမှာ စလုပ်သူတွေ အောင်မြင်တာက အထည်လိပ်ဆိုတော့ နောက်လူတွေ အားလုံးနီးပါး အထည်လိပ်ရောင်းကြတယ်။ ဆိုတော့ Social တခုလုံး အဝတ်အထည်တန်း ဖြစ်သွားတယ်။တခြားကုန်စည် ရောင်းတာ မတွေ့ရဘူး။
နောက်တော့ တဦးက အစားအသောက် ရောင်း အောင်မြင်လာတော့ အကုန်အစားအသောက် ဖြစ်လာတယ်။အစားအသောက်မှာ တခြား အစားအသောက်တွေ အများကြီး ရောင်းချလို့ ရပေမယ့် လူတွေဟာ ဟော့ပေါ့လိုမျိုး၊မာလာရှမ်းကော့တွေကို စုပြုံရောင်းချကြပြန်တယ်။
ဆိုလိုတာက ကဏ္ဍတခုထဲမှာ လုပ်ကိုင်မယ်ဆို သူများနဲ့ မတူတာ ရောင်းဖို့ မစဉ်းစားပဲ သူများလုပ်တာ လိုက်လုပ်တာမျိုးပါ။
အခု ခောတ်ထတာက အလှကုန်ပစ္စည်း ထင်ပါတယ်။
နောက် ရန်ကုန်မှာ covid စဖြစ် သင်္ကြန်ကလည်း ပိက်ဆိုတာနဲ့ Delivery ခောတ်ထလာတယ်။ဒီလိုနဲ့ ဆိုက်ကားကအစ taxiကား၊အိမ်စီးကားအဆုံး delivery လိုက်လုပ်ကြတယ်။ အောင်မြင်လာဆိုတော့ အခုချိန်ထိ သီးသန့်အောင်မြင်ပြီး တိုးတက်လာတာ ကုမ္ပဏီအဆင့် မရောက်လာကြဘူး။ Grab တို့ foodpandaတို့က ကုမ္ပဏီတွေပါ။
ဒီလိုပါပဲ။ ကိုဗစ်အလွန်ခရီးသွားကဏ္ဍ တိုးတက်လာမယ် ဆိုတော့ လူတွေ ခရီးသွားလုပ်ငန်းထဲကို စုပြုံလာကြပြန်တယ်။ အားလုံး တူညီတာက တိမ်ပင်လယ်တို့ ၊Camp စခန်း ဆိုတာပဲ။
ပြောချင်တာက တနိုင်ငံလုံးမှာ ဒီပုံစံ၊ဒီရုပ်ဆိုတာတွေချည်း လူတွေ အကုန်လိုက်လုပ်နေကြတာမျိုး။ပုံစံ၊နေရာထိုင်ခင်း၊ဖန်တီမှုကအစ တပုံစံတည်းတွေချည်း တွေ့ရတယ်။
ခရီးသွားကဏ္ဍမှာ လူတကာ တိမ်ပင်လယ်ခရီးစဉ်၊တဲထိုးCampတို့ လုပ်နေကြရင် ကိုယ်က တခြားခရီးသွားလုပ်ငန်းမျိုး လုပ်သင့်တယ်။
ဉပမာ မြစ်ချောင်းထဲ ကနူးလှေမျိုးနဲ့ သွားတာမျိုး။
ပြောရရင် We love ဘာမြို့ ဆိုတဲ့ ဆိုင်းဘုက်တွေ တနိုင်ငံလုံး မြို့အားလုံးနီးပါး ပတ်ထောင်ကြသလိုမျိုးပဲ။
မတူညီတဲ့ ပုံစံ၊မတူညီတဲ့ လမ်းကြောင်း၊တမူထူးခြားတဲ့ ပုံစံနဲ့ ဆွဲဆောင်ရမှာ ဖြစ်ပေမယ့် တနိုင်ငံလုံး ပုံစံတူတွေ ဖြစ်နေတာ တွေ့ရတယ်။
ဒီသဘောတွေအရ ခရီးသွားကဏ္ဍဟာ မအောင်မြင်နိုင်ဘူး။ လအနည်းငယ်အတွင်း ကျရှုံးသွားလိမ့်မယ်။
ကိုယ်တွေလို Social နေ့စဉ်သုံးနေသူအတွက် ပုံတွေကြည့်ရင်း နေရာတိုင်းမှာ ဒါမျိုးချည်း တွေ့နေရသလို ဖြစ်လာနေတာပါ။
ပြောရရင် အခုခောတ်ထတဲ့ ချယ်ရီပန်းတွေ တနိုင်ငံလုံး မြို့တိုင်း ပွင့်နေကြသလား မှတ်ရတယ်။ ပုံတိုင်း ဒါပဲ မြင်နေရတာ။
ဆိုတော့ ဘယ်လုပ်ငန်းမှာ မဆို စီးပွားရေးလုပ်မယ် ဆိုရင် ခေါင်းစဉ် တူရင် တူပါစေ။ သူများနဲ့ မတူတာ လုပ်မှ အောင်မြင်မှာပါ။
ကျွန်တော် အပေါ်မှာ ရေးထားသလိုပဲ အမေရိကန်က နည်းပညာနဲ့ ချမ်းသာတဲ့ သူဌေးကြီး လေးဦးစလုံးဟာ သူကဏ္ဍနဲ့ သူအလုပ်နဲ့သူပါ။နည်းပညာကဏ္ဍအောက်မှာ ရှိနေကြပေမယ့် လုပ်ငန်းတွေ မတူညီကြပါဘူး။
တခါက မှတ်သားရဖူးတယ်။
တရုတ်လူမျိုး တစ်ဦးဟာ မြို့တစ်မြို့မှာ လုပ်ငန်း တခုနဲ့ အောင်မြင်ရင် နောက်တရုတ်လူမျိုးတခုက မတူညီတဲ့ လုပ်ငန်းတခုကို လာလုပ်တယ်။အလားတူပဲ နောက်တစ်ယောက်ကလည်း လုပ်ငန်းတခု လာလုပ်တော့ နောက်ဆုံး ဒီမြို့မှာ သူတို့ဟာ အောင်မြင်တဲ့ လုပ်ငန်းတွေ ဖြစ်လာတယ်။
ဒီသဘောပါ။
မြန်မာကတော့ တစ်ယောက်က တခု အောင်မြင်နေရင် အဲလုပ်ငန်းကို စုပြုံလုပ်ကြတယ်။ ဒီတော့ စားသုံးသူကို ခွဲဝေပေးရင်း ပေးရင် နောက်တော့အရှုံးပေါ်ကြရတာပဲ။ဒီလို မဖြစ်အောင် လုပ်ငန်းတွေ လုပ်တဲ့ အခါ မတူညီတဲ့ ပုံစံမျိုးနဲ့ ဈေးကွက်ကို ထိုးဖောက်တာ အကောင်းဆုံးပါ။
အခုရက်ပိုင်း ရီရတဲ့ ကိစ္စတခု ရှိသေးတယ်။
သိန်းကဏန်းလောက်နဲ့ ဆီကြိက်တဲ့ စက်ရောင်းသူရယ်၊ အင်္ကျီတွေမှာ ဆေးပန်းရိုက်တဲ့ စက်ရောင်းပြီး ဂျင်းထည့်နေသူတွေ တွေ့ရတယ်။ သူတို့တော့ ချမ်းသာလောက်ပေမယ့် ဂျင့်အထည့်ခံရပြီး ဘာမှန်းမသိ သူတွေ အများကြီး ဖြစ်လာမှာပါ။
စားသုံးဈေးကွက်ကို ရှာတဲ့အခါ ဒေတာတွေက အရေးပါပါတယ်။ကိုယ့်စားသုံးသူတွေ ဘယ်လောက်ရှိလဲ၊ဘယ်သူတွေလဲ ဆိုတာ အရေးပါတယ်။ နိုင်ငံတကာက အောင်မြင်တဲ့ အဖွဲ့အစည်းတိုင်းဟာ စားသုံးသူ ဒေတာတွေကို ကြည့်ပြီး လုပ်ငန်း လုပ်ရတာမို့ R&D center တွေ ထားရတယ်။
နောက်ဆုံး Facebookကတောင် ကျွန်တော်တို့ ဒေတာတွေကို စီးပွားရေးသမားတွေဆီ ထည့်ရောင်းနေတာပါ။
မြန်မာမှာတော့ မိုတီဗေရှင်း ဆရာေတွ ရဲ့ အပြောအောက်မှာ လွန့်လွန့်လူးပြီး စီးပွားရေးထလုပ်သူတွေ အများကြီး တွေ့ရတယ်။အလုပ်မဖြစ်တဲ့အပြင် တခါတလေ လက်တွေ့လုပ်နေတဲ့ ဈေးကွက်ကိုတောင် ဖျက်ဆီးသွားတဲ့ သဘော ဖြစ်တက်ပါသေးတယ်။
ပြောရရင် ပညာရေးနောက်ကျတဲ့ နိုင်ငံမှာ လူတွေ အားနည်းချက်က အချက်အလတ်ရှာဖွေဖို့ကို အားနည်းတယ်။ ဒီတော့ နီးစပ်ရာ ပြောသူအပေါ် အခြေခံပြီး ထထလုပ်ကြတာ တွေ့ရတယ်။
ဒါက ပြသာနာပါ။
စွန့်ဦးတီထွင်သူပဲ ဖြစ်ဖြစ် အခုမှ ကိုယ်ပိုင်စီးပွားရေး စလုပ်မယ့် သူပဲ ဖြစ်ဖြစ် လိုအပ်တာ ဒေတာပါပဲ။
စီးပွားရေးဆိုင်ရာ အချက်အလတ်တွေ၊ကိုယ်လုပ်မယ့် အလုပ် အနီးနားမှာ ဘယ်သူတွေ လုပ်နေလဲ၊ စားသုံးသူ အများစုက ဘယ်မှာ နေလဲ၊ဘယ်လို လုပ်ရမလဲ ဆိုတာတွေ သိရဖို့ အရင်ဆုံး အချက်အလတ်တွေစုဖို့ လိုပါတယ်။ ဒါမှသာ အောင်မြင်မယ် ထင်ပါတယ်။
ကမ္ဘာမှာ လျှပ်စစ်ကားတွေ စထွက်လာရခြင်းဟာ ဘယ်အပေါ်အခြေခံလည်း ဆိုရင် ရေနံပဲ။ တခြားအကျိုးသက်ရောက်မှုတွေ ရှိမှာပါ။ အရှေ့အလယ်ပိုင်းက ရေနံ အများစု ပိုင်ဆိုင်ထားတယ်။ အမေရိကလို နိုင်ငံဟာ သူတို့အများစုနဲ့ မတည့်တော့ လောင်စာဆီ ပြတ်တောက်မယ့် သဘောကို ခန့်မှန်းကြတယ်။ဒါအပြင် လောင်စာဆီဆိုတာ အကန့်အသတ်ဖြစ်တယ်။ ကမ္ဘာကြီးဟာ နောက် တဖြေးဖြေး လောင်စာဆီ လျော့ကျသွားမယ် ဆိုတဲ့ ဒေတာတွေကို အခြေခံပြီး လူတွေ နောက်တဆင့် စဉ်းစားကြတာကို အခြေခံပြီး လျှပ်စစ်ကားတွေ ထွက်လာရခြင်း ပဲ။
ဒီလိုနဲ့ လူကြိုက်များအောင် ဖန်တီးရင်း အခုတော့ ကမ္ဘာနိုင်ငံတွေကပါ ဘယ်နှစ်မှ စပြီး လျှပ်စစ်ကားပဲ စီးရတော့မယ်ဆိုတဲ့ ကျေညာချက်တွေ ထုတ်လာရတာပဲ။
နောက်ပြီး ဘယ်နေရာမဆို မတူညီတာ အကောင်းဆုံးပါ။ အခု Covid ဖြစ်တော့ ပေါပင် ခရီးသွားနေရာတွေ အများကြီး ထွက်လာတာ တွေ့ရတယ်။ ရေရှည်အောင်မြင်ဖို့ထက် ခဏတာ အပန်းဖြေဖို့ ဆိုတဲ့ သဘောရယ်၊ခဏတာ ငွေရှာမယ်ဆိုတဲ့ ပုံစံ၊လူတွေ ခဏလေး အာသာပြေပါစေဆိုတဲ့ သဘောမျိုးတွေ များတယ်။
ဒါတွေဟာ တကယ်အတည်တကျလုပ်တဲ့ ခရီးသွားနေရာတွေကို ထိခိုက်မှု ရှိစေတယ်။
ဉပမာ ပြရရင် နာမည်ရှိ၊သေချာပြင်ဆင်ရောင်းချတဲ့ အထည်ဆိုင်ရှေ့မှာ လမ်းဘေးဈေးသည်က ပုံပုံအထည်တွေ ရောင်းနေတဲ့ပုံစံမျိုးပါပဲ။
နောက်တခု တူညီတဲ့ ပုံစံ၊လုပ်ငန်းတွေချည်း စုနေရင် လူတွေ မကြိုက်တော့ပဲ နောက်ထပ် အသစ်ကိုပဲ စူးစမ်းချင်ကြမယ်။
နောက်အသစ်ကြိုက်ရင် နောက်အသစ်တခုကို စမ်းလုပ်ကြရင်း ဈေးကွက်လည်း ပျက်၊ စီးပွားရေးလုပ်ငန်းတွေကလည်း မအောင်မြင်နိုင်ဘူး။
ဆိုတော့ ဘယ်လုပ်ငန်း စစ သူများနဲ့ မတူညီအောင် လုပ်ဖို့ လိုတယ်။
ပုံစံတူတွေ မများဖို့ လိုပါတယ်။
ပုံစံတူရင်တောင် ဝန်ဆောင်မှုက ပိုကောင်းစေချင်တယ်။
မြန်မာပြည်မှာ စီးပွားရေးသင်တန်းအများစု မထည့်ပေးလိုက်ကြတာလား မပြောတက်။
ဝန်ဆောင်မှု ဆိုတဲ့ အရာဟာ မြန်မာပြည်က ဆိုင်အတော်များများ ပျောက်ဆုံးနေတာပဲ။
အခု အင်းလေး ရေပေါ်ဈေး စလုပ်နေတယ်။ Covid ကြောင့် ဧည့်သည်မလာသေးပေမယ့် လူတွေ အတော်စိတ်ဝင်စားနေကြတာ တွေ့ရတယ်။
လူတွေ မလာသေးတော့ မအောင်မြင်သေးတဲ့ သဘော ဖြစ်နေပေမယ့် အောင်မြင်လာရင် တခြားနေရာတွေမှာပါ ရေပေါ်ဈေးတွေ အပြိုင်အဆိုင် မထွက်လာစေချင်ပါ။
ဒီသဘောပါ။
တွေးမိတွေးရာ
မောင်ချင်း
၇.၁.၂၀၂၁
Comments
Post a Comment