မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ ရှမ်းပြည်လူငယ်ဘဝများ
"ရှမ်းပြည်မှာ အများဆုံးက မူးယစ်ဆေးဝါးပဲ။ လူငယ်တွေ အလွယ် လုပ်နေကြတယ်" လို့ ဆိုသူက ရှမ်းတောင်ပိုင်း မြို့ငယ်တစ်မြို့က ထီသည် အဘိုးကြီးတစ်ဦ်း။
မူးယစ်ဆေးဝါးရယ် ၊ဝှစ်သောက်ကားရယ်က အပေါဆုံးပဲ လို့လည်း ဆိုသူက ဆို။
မူးယစ်ဆေးဝါး သုံးစွဲသူများအနေနှင့် ရပ်ကွက်ထဲတွင်ပင် လဖက်ရည်ဆိုင်ထိုင်ရန် ပြောဆိုနေသလို သုံးစွဲရန် အေးအေးဆေးဆေး အော်ဟစ်ပြောဆိုနေကြသည်ကို ကြားသိခဲ့ရသည်။
ရှမ်းပြည်နယ်သည် ယခင်ကတည်းက မူးယစ်ဆေးဝါး ထုတ်လုပ်ရာ နေရာအဖြစ် နာမည်ကြီးသော်လည်း ယခုလောက် ပေါပေါများများ
မရှိလှချေ။
သို့သော် လွန်ခဲ့သည့် လေးငါးနှစ်ခန့်က စပြီး မူးယစ်ဆေးဝါးကို အလွယ်ရလာကြသလို ဈေးကလည်း ပေါလှသည့် အနေအထားမျိုး ကြားသိရသည်။အထူးသဖြင့် WY ကဲ့သို့ မူးယစ်ဆေးဆိုလျှင် အရက်ကြမ်းထက်ပင် ဈေးသက်သာလှသဖြင့် လူငယ်တွေ အရက်မသောက်ကြတော့။
ဆေးပြားချရသည်ကိုပင် ပိုခုံမင်လာကြသလို ဂုဏ်ယူစရာဟုပင် သတ်မှတ်လာကြသည်။ မူးယစ်ဆေးဝါးသုံးစွဲသည်မှာ အရက်သောက်သကဲ့သို့ မဟုတ်ပဲ ငြိမ်ဆေးကဲ့သို့ ဖြစ်ရာ တချို့လူကြီးများက မိမိသားသမီးတို့ မူးယစ်ဆေးစွဲနေသည်ကိုပင် မသိရှိကြသူ များသည် ဟု ဆိုကြသည်။
အများစုမှာ အရက်မသောက် ဆေးလိပ်
မသောက်ပဲ မူးယစ်ဆေး စွဲနေကြသည်ဟု ဆိုသည်။
ရှမ်းပြည်နယ်တောင်ပိုင်း မြို့အများစုတွင် WY ကဲ့သို့ မူးယစ်ဆေးဝါးများကို ဖောဖောသီသီ တွေ့လာရသည့် အနေအထားမျိုးကို ၂၀၂၀ခုနှစ်တွင် ကြားသိလာရသည်။
ဤသည်ကား ခရီးသွားရန် ပျော်စရာကောင်းလှသည် ဆိုသည့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ လူမသိသည့် အမည်းပုံရိပ်များ ဟုသာ ဆိုချင်သည်။
ရှမ်းပြည်နယ် တောင်ပိုင်းသည် ငြိမ်းချမ်းသည်။ ပျော်စရာကောင်းသည်။ လည်ပတ်ရန် နေရာများစွာရှိသဖြင့် နိုင်ငံအနှံမှ ပြည်သူများ လာရောက် လည်ပတ်လိုကြသည်။
သို့သော် သူတို့ သတိမပြုမိသည်ကား ရှမ်းပြည်နယ် တောင်ပိုင်းသည် ဘိန်းစိုက်ပျိုးမှု အများဆုံး နေရာတခု ဖြစ်သည်ကိုပင်။ ခရီးသွားများ အကြိုက်ဆုံး နေရာဖြစ်သည့်
ကလောမြို့နှင့် အနီးဆုံး ဖြစ်သည် ပင်လောင်းမြို့နယ်တို့ကဲ့သို့ နေရာများမှာ ဘိန်းစိုက်ပျိုးမှု ရှိသည့် နယ်မြေ တခု ဖြစ်သည်။ အဆိုပါမြို့နယ်သည် မြန်မာနိုင်ငံမြို့တော် နေပြည်တော်နှင့် သိပ်မဝေးလှသည့် အရှေ့အရပ်တွင် တည်ရှိနေသော်လည်း ဘိန်းစိုက်ပျိုးရာ နယ်မြေအဖြစ် နိုင်ငံတကာတွင် လူသိများလှသည်။
အလားတူ သံလွင်မြစ်နှင့် နီးစပ်သည့် ဒေသများတွင်လည်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှု များသည်။
မြန်မာတွင် မူးယစ်ဆေးဝါးအနေနှင့် စိတ်ကြွရူးသွပ်ဆေး၊ICE ကဲ့သို့ ဆေး၊ဘိန်းဖြူနှင့် Ketamine ဟုသည့် မူးယစ်ဆေးဝါးကို အများဆုံးတွေ့ရသည် ဟု စစ်တမ်းများတွင် ဖော်ပြထားသည်။
မူးယစ်ဆေး ဖမ်းဆီးတွေ့ရှိရသည် နေရာအများစုမှာ ရှမ်းပြည်နယ် ဖြစ်ပြီး ဒုတိယအနေနှင့် ရခိုင်ပြည်နယ်ဖြစ်သည်။
ထူးခြားချက်အနေနှင့် ရခိုင်ပြည်နယ်တွင် စစ်ပွဲဖြစ်ပွားပြီးနောက်ပိုင်း မူးယစ်ဆေးဖမ်းဆီးရမိမှု တိုးလာနေသည်ကို တွေ့ရှိရသည်။
ဘင်္ဂလားဒခ်ျနိုင်ငံသည် မြန်မာမှ စိတ်ကြွရူးသွပ်ဆေးပြား ဝယ်ယူမှု ပိုအားကောင်းလာနေကြောင်းလည်း UNODC က ဆိုသည်။
စိတ်ကြွရူးသွပ်ဆေးပြား ဖမ်းဆီးရမှု၏ (၅၄)ရာခိုင်နှုန်းကျော်မှာ ရှမ်းပြည်နယ်တွင် ဖြစ်ကာ ရခိုင်ပြည်နယ်မှာ(၃၀)ရာခိုင်နှုန်း ကျော်ဖြင့် ဒုတိယအဆင့်တွင် ရှိသလို ကျန်ဒေသများမှ ဖမ်းဆီးရမှုမှာ(၁၄)ရာခိုင်နှုန်းကျော် ရှိကြောင်း UNODC က ဖော်ပြထားသည်။
ICE ၊ဘိန်းဖြူ နှင့် Katemine အများစုကို ရှမ်းပြည်နယ်တွင်သာ ဖမ်းဆီးရမိသည် ဟုလည်း ဆိုသည်။
ရှမ်းပြည်နယ်သည် ဘိန်းစိုက်ပျိုးမှု၏(၈၅)ရာခိုင်နှုန်းကို လုပ်ဆောင်နေသည့် ပြည်နယ် တခု ဖြစ်သလို ၂၀၁၉ခုနှစ်က စုစုပေါင်း(၂၈၀၀၀)ဧကကျော် စိုက်ပျိုးခဲ့သည် ဟု UNODC ၏ ထုတ်ပြန်ချက်အရ သိရသည်။
ယင်းအနက် ရှမ်းပြည်နယ်တောင်ပိုင်းသည် ဘိန်းစိုက်ဧက(၁၂၀၀၀)ခန့် ရှိမည် ဟု ထုတ်ပြန်ထားပြီး နိုင်ငံတဝှမ်း ဘိန်းစိုက်ပျိုးမှု၏(၃၆)ရာခိုင်နှုန်း ရှိနေသည်။ ပျမ်းမျ ဘိန်းထွက်ရှိမှုမှာ ၂၀၁၉ ခုနှစ်က (၁၆၅) တန် ထွက်ရှိမည် လို့ ခန့်မှန်းထားကြသည်။
ဘိန်းဖြူအဖြစ် ပြောင်းလဲ ထုတ်လုပ်ရာတွင် ပြည်တွင်းသုံးစွဲမှုအတွက် (၇.၆)တန် ခန့် ဖြစ်ပြီး ပြည်ပကို တင်ပို့မှုမှာ တန်(၂၀)မှ (၄၅)တန် အထိ ရှိဖွယ် ရှိကြောင်း UNODC က ခန့်မှန်းထားသည်။
ဘိန်းဈေးအကောင်းဆုံး နှစ်များမှာ ၂၀၁၀ ခုနှစ် ဝန်းကျင်ဖြစ်ပြီး တစ်ကီလိုဂရမ်ကို ကျပ်(၅)သိန်း နီးပါး ရရှိခဲ့သော်လည်း ၂၀၁၉ ခုနှစ် ရောက်သော်အခါ တစ်ကီလိုဂရမ်ကို ကျပ်(၂)သိန်း ဝန်းကျင်သာ ရရှိကြတော့သည် ဟု ဆိုသည်။
ထိုကြောင့် ဘိန်းစိုက်သူ နည်းပါးလာနေသည်မှာ မနှစ်ကတည်းက ဖြစ်ပြီး ယခုနှစ်တွင် Covid-19 ကြောင့်ကော ဈေးနှုန်းကျဆင်းမှုကြောင့်ကောပါ စိုက်ပျိုးမှု လျော့ကျဖွယ် ရှိနေသည်။
UNODC စစ်တမ်းအရ ဘိန်းကနေရရှိတဲ့ ငွေပမာဏဟာ အမေရိကန်ဒေါ်လာ သန်း(၁.၃၇)ဘီလီယံ အထိ ရှိနိုင်ပြီး ဘိန်းစိုက်တောင်သူတွေက ရရှိတဲ့ ငွေပမာဏဟာ အမေရိကန်ဒေါ်လာ(၁၀၇)သန်းလောက် ရရှိနိုင်တယ် လို့ဆိုထားသည်။
ဘိန်းစိုက်ပျိုးမှု အနေအထားအရ ရှမ်းတောင်ဒေသမှ တောင်သူများ အနေနှင့် ဘိန်းစိုက်ပျိုးမှုမှ ရရှိသည့် ငွေမှာ အမေရိကန်ဒေါ်လာ(၃၆)သန်းကျော် ရရှိဖွယ် ရှိသည်။
ပြည်တွင်း ဘိန်းဖြူ သုံးစွဲတဲ့ တန်ဖိုးသည် အမေရိကန်ဒေါ်လာသန်း(၂၉၀)အထိ ရှိနိုင်ပြီး ဒေါ်လာတစ်ဘီလီယံဖိုးလောက်ကို နိုင်ငံတကာကို တင်ပို့ထားဖွယ်ရှိသည် ဟု UNODC ၏ Myanmar opium survey 2019တွင် ဆိုသည်။
မြန်မာက တင်ပို့သည့် ဒေါ်လာတစ်ဘီလီယံ တန်ဖိုးရှိတဲ့ ဘိန်းဖြူဟာ အရှေ့တောင်အာရှနဲ့ တခြားနိုင်ငံများမှ သုံးစွဲသူ (၃)သန်းလောက်ဆီကို ရောက်သွားပြီး တန်ဖိုးမှာလည်း(၁၀)ဘီလီယံ အထိ ဈေးကြီးမြင့်သွားသည် ဟုလည်း ဆိုသည်။
ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဘိန်းစိုက်ပျိုးမှု မရှိသလောက် ဟု ယူဆရသည့် မြို့နယ်များမှာ တောင်ကြီးမြို့နယ်၊ကလောမြို့နယ်၊ရွှေညောင်မြို့နယ်၊ညောင်ရွေမြို့နယ်၊ပင်းတယမြို့နယ် နှင့် ရွာငံမြို့နယ် တို့ ဖြစ်သည်။
သို့သော်လည်း ပြည်မသို့ ထွက်ခွာရာ အဓိကလမ်းကြောင်းမှာ အဆိုပါမြို့နယ်များကို ဖြတ်သန်းလေ့ ရှိသည်။အဘယ်ကြောင့်ဆိုသော် အဆိုပါမြို့နယ်များတွင် ဖမ်းဆီးရမိမှု အများအပြားတွေ့ရှိရသည့် အတွက် ဖြစ်သည်။
ဘိန်းဖြူထက် အပေါများဆုံးအရာ WY ခေါ် စိတ်ကြွရူးသွပ်ဆေးပြားဖြစ်ပြီး မြို့တိုင်းလိုလိုတွေ အလွယ်တကူဝယ်ယူရရှိနိုင်သည့် အနေအထားတွင် တည်ရှိနေသည်။
မြန်မာနိုင်ငံမှ နှစ်စဉ် တရားမဝင်ငွေကြေးများ ဝင်ရောက်လာမှုမှာ အမေရိကန်ဒေါ်လာ(၁၂)ဘီလီယံခန့် ရရှိဖွယ် ရှိနေကာ အများစုမှာ မူးယစ်ဆေးဝါးကုန်သွယ်မှုမှ ရရှိနေဟန် တူသည်။ အထူးသဖြင့် စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်မှုမှ ပိုမို ရရှိဖွယ် ရှိနေသည်။
စစ်တမ်းများအရ စိတ်ကြွရူးသွပ်ဆေးပြားအတွက် လိုအပ်သည့် ကုန်ကြမ်းများကို တရုတ်နိုင်ငံ၊အိန္ဒိယနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ဝင်ရောက်လာကာ ကုန်ချောအဖြစ် ပြည်ပနိုင်ငံများသို့ စီးထွက်သွားသည်။
ယခင်က ပြည်တွင်းတွင် အလွယ်တကူ ဝယ်ယူရရှိနိုင်မှုမှာ ခတ်ခဲလှသော်လည်း ဖမ်းဆီးမှု အခြေအနေ၊ အလွယ်တကူ ထုတ်လုပ်နိုင်သည့် အခြေအနေများနှင့် ဝယ်ယူမှု အနေအထားများအရ ဈေးကွက်ကျယ်ပြန့်လာသလို ပြည်တွင်း သုံးစွဲမှု တိုးလာနေသည်။
မြို့များတွင် အရက်၊ဘီယာထက်ပင် ဈေးချိုလာနေသည့် စိတ်ကြွရူးသွပ်ဆေးပြားမှာ ပြည်တွင်းသာမက ပြည်ပဝယ်လိုအားပါ ကောင်းလာခဲ့သည် ဟု ယူဆရသည်။
ထိုကြောင့် အစိုးရ၏ ဖမ်းဆီးရရှိမှုတို့မှာ စံချိန်တင် သလို မြို့တိုင်း နေရာတိုင်းတွင် မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှုမှာ တိုးလာနေသည် ကို တွေ့ရှိရသည်။
မူးယစ်ဆေးသယ်ယူရာလမ်းကြောင်းမှာ ရှမ်းပြည်နယ်တောင်ပိုင်းတွင် အဓိက လမ်းမကြီးကို အမှီခိုပြုနေကြသည်ကို တွေ့ရှိရပြီး မကြာခဏဆိုသလို လွိုင်မြို့နယ်မှ ကလောမြို့နယ် သို့ သွားရာလမ်းကြောင်းတွင် ဖမ်းဆီးရမိမှုမှာ အများဆုံးဖြစ်သည်။
မကြာခဏဆိုသလို ဖမ်းဆီးရမိမှု ရှိနေသည်ကို မီဒီယာများတွင် ဖော်ပြလျှက် ရှိနေသည်။
ပြည်တွင်းသုံးစွဲမှု အများဆုံးမှာ စိတ်ကြွရူးသွပ်ဆေးပြား ဖြစ်ပြီး ဘိန်းဖြူနှင့် ICE ကဲ့သို့ မူးယစ်ဆေးဝါးတို့မှာ ပြည်ပတင်ပို့ရန် နှင့် ပြည်တွင်း ငွေကြေးချမ်းသာသည့် အသိုင်းအဝိုင်း တဝိုက်တွင်သာ ရရှိနေကြသည့် သဘောတွေ့ရသည်။
ရှမ်းပြည်နယ်တောင်ပိုင်းသည် သဘာဝအလှတရားကြောင့် ပြည်တွင်းခရီးသွားများပါ ကြိုက်နှစ်သတ်သည့် နေရာ တခုဖြစ်သည်။
သို့သော် စီုးရိမ်စရာ ကောင်းသည့် အချက်မှာ ခရီးသွားလာမှု များပြားလာသည်နှင့်အတူ မူးယစ်းဆေးဝါးသုံးစွဲရန် လာရောက်သည့် နေရာအဖြစ်သို့ ပြောင်းလဲသွားမည့် အချက်ပင် ဖြစ်သည်။
ခရီးသွားအကြိုက်နေရာ တခု ဖြစ်လာသည်နှင့် အညီ မူးယစ်ဆေးဝါးအလွယ်တကူ ရရှိနိုင်သည့် အနေအထားမျိုးကြောင့် သုံးစွဲရန် လာရောက်ကြသည့် အနေအထားတရပ် မဖြစ်သွားစေရန် ထိန်းသိမ်းရန် လိုအပ်သည် ဟု ယူဆသည်။
အထူးသဖြင့် ကလောမြို့နှင့် ညောင်ရွေကဲ့သို့ နေရာမျိုးတွင် မူးယစ်ဆေးဝါး သုံးစွဲရန် လာရောက်သည့် ခရီးသွားဈေးကွက် ဖြစ်ပေါ်လာရန် အလွန်နီးစပ်သည့် သဘောကို တွေ့ရှိနေရသည်။
ရန်ကုန်၊မန္တလေး တို့ကဲ့သို့ မြို့ပြနေရာများတွင် မကြာခဏ ဖမ်းဆီးမိနေမှု နှင့် ဈေးနှုန်းကွာဟချက်တို့ကြောင့် ရှမ်းပြည်တောင်ပိုင်းသို့ ခရီးတထောက်သွားကာ လာရောက်သုံးစွဲသည့် အနေအထားတခု ဖြစ်ပေါ်လာမည်ကို အထူးထိန်းသိမ်း သတိပြုရန် လိုအပ်သည်။
လက်ရှိကာလတွင် ခရီးသွားအများစုမှာ ရှမ်းပြည်နယ်တောင်ပိုင်းဆိုသည်မှာ ခရီးသွားရန် ကောင်းသည့် နယ်မြေတခုအဖြစ်သာ သိရှိထားကြသည်က များသည်။
သို့သော် နောက်ကွယ်တွင် ဘိန်းစိုက်ပျိုးမှု အများဆုံး ဒေသ၊မူးယစ်းပေါကြွယ်ဝသည့် ဒေသတခုအဖြစ် ရူမြင်သွားကြမည်ကို မလိုလားပေ။
အဆိုပါ ပုံရိပ်မည်း ဆက်လတ်ကြီးထွားလာမည်ကို တားဆီးရန် လိုအပ်နေသည်။ ထိုအတူ ခရီးသွားလုပ်ငန်းကဏ္ဍနဲ့အတူ မူးယစ်ဆေးဝါးသုံးစွဲရန် လာရောက်သည့် ဒေသမျိုး မဖြစ်ပေါ်စေရန် အထူးကြီးကြပ်ရန် လိုအပ်ကြောင်း ဆိုပါရစေ။
Comments
Post a Comment